The network connection is lost.

Banner Image

ခြေထောက်ဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရမယ့် ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်

ဘာစီလိုနာအသင်းက သူတို့ရဲ့ နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ဟာ ခြေထောက်ဒဏ်ရာကြောင့် ၆ ပတ်အထိ အနားယူရမယ်လို့ ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါကြောင့် ဒီဂျောင်ဟာ ပီအက်စ်ဂျီ ဒါမှမဟုတ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေအပြင် ဗီလာရီးယဲလ်၊ အသလက်တစ်ဘီလ်ဘာအို၊ ဆီဗီလာနဲ့ ဗယ်လက်ကာနိုတို့နဲ့ ကစားရမယ့် လာလီဂါပွဲစဉ်တွေကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒီဂျောင်ဟာ လာမယ့်အင်္ဂါနေ့မှာ ကစားမယ့် စပိန်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်မှာပါ။ ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကို ၄ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတဲ့ရလဒ်ကို အိမ်ကွင်းမှာ အကောင်းဆုံးပြန်လည်ချေပနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်တိုအရ ဒီဂျောင်ဟာ ဒီနေ့မနက် လေ့ကျင့်ရေးဆင်းစဉ်အတွင်း "ညာဘက်ပေါင်နောက်ကြော ဒဏ်ရာ" ရရှိခဲ့တာဖြစ်ပြီး ၅ ပတ်ကနေ ၆ ပတ်အထိ အနားယူရမယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘာစီလိုနာဟာ လာလီဂါဇယားထိပ်မှာ ရီးရဲလ်မက်ဒရစ်ကို ၁ မှတ်အသာနဲ့ ဦးဆောင်နေပြီး စနေနေ့မှာ ဗီလာရီးယဲလ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဂျောင်ဟာ မတ်လအတွင်း ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်ပြီး နယ်သာလန်အသင်းက ကမ္ဘာ့ဖလားခြေစမ်းပွဲတွေအဖြစ် နော်ဝေ၊ အီကွေဒေါတို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။