မန်စီးတီးရဲ့ ဘဏ္ဍာရေးပြဿနာက ပရီးမီးယားလိဂ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်လို့ လာလီဂါဥက္ကဋ္ဌ တီဘက်စ် ယူဆ
မန်ချက်စတာစီးတီးအသင်းရဲ့ အချိန်အကြာကြီးဖြစ်ပွားနေတဲ့ စည်းကမ်းပိုင်းဆိုင်ရာ အမှုတွဲဟာ ပရီးမီးယားလိဂ်အတွက် ထိခိုက်နစ်နာမှု ဖြစ်စေတယ်လို့ စပိန်လာလီဂါဥက္ကဋ္ဌ ဂျာဗီယာ တီဘက်စ်က ပြောကြားလိုက်ပါတယ်။
အင်္ဂလန်ရဲ့အင်အားကြီး မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှု အချက်ပေါင်း ၁၀၀ ကျော်နဲ့ စွပ်စွဲခံခဲ့ရတာပါ။ ဒါပေမဲ့ အသင်းဘက်ကတော့ ဒီစွပ်စွဲချက်အားလုံးကို အပြင်းအထန် ငြင်းဆိုထားပါတယ်။
ဒီလိုဖြစ်ခဲ့တာ သုံးနှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ အခုထိတော့ ဘယ်လိုဆုံးဖြတ်ချက်ချလဲဆိုတာကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ်ခုကတော့ ဒီအမှုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ကြားနာစစ်ဆေးခဲ့ပါတယ်။
တီဘက်စ်ရဲ့အဆိုအရ သူစိုးရိမ်တာက ဆုံးဖြတ်ချက်ချဖို့ အချိန်ယူနေတာထက် ဒီလိုလုပ်ငန်းစဉ်တွေ ကြန့်ကြာနေတာကြောင့် စည်းမျဉ်းတွေကျင့်သုံးတဲ့နေရာမှာ "မရေရာမှုတွေ" ဖြစ်လာတာကိုပါ။ တခြားအသင်းတွေကျတော့ စည်းမျဉ်းချိုးဖောက်မှုတွေအတွက် ဒီကာလအတွင်းမှာပဲ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
"ဒါဟာ စီမံခန့်ခွဲမှုပိုင်းရဲ့ ကျရှုံးမှုလို့ ကျွန်တော် နားလည်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ ဒီလိုဖြစ်နေတာကို တခြားကလပ်အသင်းတွေကလည်း စောင့်ကြည့်နေကြတာပါ" လို့ တီဘက်စ်က ကြာသပတေးနေ့က လန်ဒန်မှာပြုလုပ်တဲ့ Financial Times ရဲ့ ဘောလုံးစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
"တခြားအသင်းတွေကျတော့ စည်းမျဉ်းမလိုက်နာရင် ဒဏ်ငွေရိုက်ခံရတယ်၊ ရမှတ်တွေအဖြတ်ခံရတယ်။ ဒါက မှန်ကန်ပါတယ်။ ဒါပေမဲ့ မန်ချက်စတာစီးတီးကတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေသလိုပါပဲ။ ပရီးမီးယားလိဂ်က ကလပ်အသင်း တော်တော်များများနဲ့ ကျွန်တော် စကားပြောဖူးပါတယ်။ သူတို့ထဲက အများစုကလည်း ဒါကို နားမလည်နိုင်ကြဘူး။ ဒါဟာ အဖွဲ့အစည်းကို အားနည်းသွားစေပါတယ်" လို့ သူက ဆိုပါတယ်။
စပိန်ထိပ်သီးလိဂ်ရဲ့ အကြီးအကဲက ဆက်လက်ပြီး "ဒါက အချိန်ကြန့်ကြာနေတာ တစ်ခုတည်းတင် မဟုတ်ပါဘူး၊ အထွေထွေ အခြေအနေကို ပြောတာပါ။ ပရီးမီးယားလိဂ်လို အဖွဲ့အစည်းကြီးတစ်ခုမှာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေ ရှိထားပြီးပြီဆိုရင် ပြိုင်ပွဲနဲ့ ကလပ်အသင်းတွေကြားမှာ ဥပဒေကြောင်းအရ ခိုင်မာတဲ့ သေချာမှုရှိဖို့ လိုအပ်ပါတယ်" လို့ ထပ်လောင်းပြောခဲ့ပါတယ်။
မန်စီးတီးအသင်းကတော့ သူတို့မှာ အမှားအယွင်းမရှိကြောင်း သက်သေပြဖို့ "ငြင်းဆိုလို့မရတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ" ရှိတယ်လို့ အရင်ကတည်းက ပြောဆိုထားပါတယ်။
အဲဒီနေ့မှာပဲ ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက်မာစတာကလည်း အဆိုပါပွဲကို တက်ရောက်ခဲ့ပြီး မန်စီးတီးအမှုနဲ့ပတ်သက်လို့ မေးမြန်းခြင်း ခံခဲ့ရပါတယ်။
"ဒီအကြောင်းကို ကျွန်တော် ပြောလို့မရပါဘူး၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာကိုလည်း ပြောလို့မရပါဘူး" လို့ သူက ဆိုပါတယ်။
နောင်မှာ အလားတူအမှုမျိုးတွေ ဖြစ်လာရင် ပိုမြန်တဲ့ နည်းလမ်းတွေရှိအောင် ပရီးမီးယားလိဂ်က စဉ်းစားနေသလားလို့ မေးတဲ့အခါမှာတော့ မာစတာက "ကျွန်တော် မှတ်ချက်မပေးနိုင်ပါဘူး။ ဒီအမှုနဲ့ပတ်သက်ပြီး သုံးနှစ်လုံးလုံး မှတ်ချက်မပေးခဲ့တာ၊ အခုမှလည်း စပြီး မပြောချင်တော့ပါဘူး။ ဒီအမှုအကြောင်းကို ဖယ်ထားမယ်ဆိုရင်တော့ ဘယ်လို ထိန်းကျောင်းသူမျိုးမဆို သူတို့ရဲ့ တရားစီရင်ရေးစနစ်က ထိရောက်ပြီး မြန်မြန်ဆန်ဆန် အလုပ်လုပ်တာကိုပဲ လိုချင်ကြမှာပါ။ ဒါကတော့ ကျွန်တော် ပြောနိုင်သလောက်ပါပဲ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။