The network connection is lost.

Banner Image

ပေါ်တူဂီနဲ့အတူအောင်မြင်မှုရတာထက် ဘယ်အရာမှမကောင်းဘူးလို့ ရော်နယ်ဒို ပြောကြား

ပေါ်တူဂီစတား ရော်နယ်ဒိုက နိုင်ငံအသင်းနဲ့အတူအောင်မြင်မှုရတာထက် ဘယ်အရာမှပိုမကောင်းဘူးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၄၀ အရွယ်ကစားသမားဟာ ၂၀၂၄ တုန်းက ယူရိုဖလားပြိုင်ပွဲမှာ ရလဒ်ဆိုးဝါးခဲ့တာကို အခုနေးရှင်းလိဂ်ဆုဖလား နဲ့ ချေဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုတစ်ယောက် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီအတွက် ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ မြူးနစ်မြေမှာ စပိန် နဲ့ ဖိုင်နယ်ပွဲကန်ခဲ့ရတာဖြစ်ပြီး မာတီနက်ဇ်ရဲ့ပေါ်တူဂီအသင်းဟာ အချိန်ပိုကော ၊ ပင်နယ်တီအထိပါကန်ခဲ့ရပါတယ်။

နေးရှင်းလိဂ်ဆုဖလားရယူနိုင်ခဲ့ပြီးနောက် အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုက “ဘယ်လောက်တောင်ကောင်းတဲ့ပျော်ရွှင်မှုလဲဗျာ။ ဒီမျိုးဆက်အတွက် ဒီဆုဖလားကထိုက်တန်ပါတယ်။ ကျွန်တော်တို့မိသားစုဝင်တွေအတွက်ကောပေါ့။ကျွန်တော့်ကလေးတွေ ၊ ဇနီးသည် ၊ အကို နဲ့ သူငယ်ချင်းတွေလာကြပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ အောင်မြင်မှုရတာက အမြဲတမ်းထူးခြားပါတယ်။ကျွန်တော် ကလပ်အသင်းတွေနဲ့ ဆုဖလားတွေရခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းမှာရတာလောက် ဘယ်အရာမှမကောင်းပါဘူး။

အဲ့တာက မျက်ရည်ကျရပါတယ်။ တာဝန်တစ်ခုပြီးဆုံးခဲ့သလို ပျော်ရွှင်ရပါတယ်။ ပေါ်တူဂီအကြောင်းပြောချိန်ဆိုရင် အမြဲတမ်းထူးခြားတဲ့ခံစားချက်ရပါတယ်။ ဒီမျိုးဆက်ကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ရတာ ဂုဏ်ယူစရာပါ။နိုင်ငံအသင်းနဲ့အတူ ဆုဖလားတွေအောင်မြင်ချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုအတွက် အခုနေးရှင်းလိဂ်ဆုဖလားက ၂၀၁၉ ပြီးနောက် ဒုတိယမြောက်ဆုဖလားဖြစ်လာခဲ့သလို ၂၀၁၆ တုန်းကလည်း နိုင်ငံအသင်းကို ယူရိုချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းမျိုးကိုပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေပါတယ်။