The network connection is lost.

Banner Image

ဥရောပနေးရှင်းလိဂ်ဗိုလ်လုပွဲအတွင်း ပွဲကြည့်စင်ပေါ်မှပြုတ်ကျလို့ ပရိသတ်တစ်ဦးသေဆုံး

ယမန်နေ့(တနင်္ဂနွေနေ့)၊ မြူးနစ်မြို့မှာကျင်းပတဲ့ ပေါ်တူဂီ vs စပိန်တို့ရဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲအတွင်း ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှပြုတ်ကျကာ သေဆုံးသွားခဲ့တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ အတည်ပြုကြေညာခဲ့ပါတယ်။ သေဆုံးသူက အချိန်ပိုပထမပိုင်းပွဲချိန်အတွင်း ဗဟိုပွဲကြည့်စင်ထက်မှ အောက်ဆုံးထပ်ရှိ စာနယ်ဇင်းခန်းဆီ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ 

အခင်းဖြစ်နေရာဆီ ရဲတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ချက်ချင်းဆိုသလို ရောက်ရှိလာပြီး ပရိသတ်ကို ကူညီပေးခဲ့ပါတယ်။ ပွဲကြည့်စင်ပေါ်မှပြုတ်ကျလာသူပရိသတ်အတွက် အရေးပေါ်ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် ပွဲချိန်အတွင်းမှာပဲ စိတ်မကောင်းဖွယ် ကွယ်လွန်အနိစ္စရောက်သွားတယ်လို့ UEFAပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

ပွဲပြီးချိန်မှာလည်း နှစ်ဖက်အသင်းတာဝန်ရှိသူတွေက ကွယ်လွန်သူအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။ အခုဖြစ်ရပ်အတွင်း ကွယ်လွန်သူပရိသတ်ဟာ အမြင့်ရှစ်မီတာဝန်းကျင်မှ ပြုတ်ကျလာခဲ့တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။