The network connection is lost.

Banner Image

အင်တာမီလန်နဲ့ပွဲက ယာမယ်လ်ရဲ့ ခြေစွမ်းကို အထူးချီးကျူးလိုက်တဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အင်တာမီလန်နဲ့ ၃-၃ သရေကျခဲ့တဲ့ ပွဲမှာ လူငယ်ကြယ်ပွင့် လမိုင်းယာမယ်လ်ရဲ့ ထူးချွန်တဲ့ခြေစွမ်းကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နူးကမ့်မှာ ကစားတဲ့ ပွဲစဉ်အစောပိုင်းမှာ နှစ်ဂိုးပေးလိုက်ရတဲ့အတွက် အခြေအနေမကောင်းခဲ့ပါဘူး။ 

ဒါပေမဲ့ အသက် ၁၇ နှစ်အရွယ် ယာမယ်လ်က တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့အတူ အသင်းဖော်တွေလည်း အားတက်လာပြီး ပြန်လည်တိုက်ပွဲဝင်ကာ သရေပွဲရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံရာမှာ ဖလစ်ခ်က ပွဲအစ ခြေစွမ်းမကောင်းခဲ့တာကို ဝန်ခံခဲ့ပေမဲ့ ယာမာလ်ရဲ့ သက်ရောက်မှုကို ချီးကျူးခဲ့ပါတယ်။ 

ဖလစ်ခ်က"ကျွန်တော်တို့ အစမကောင်းခဲ့ဘူး။ နှစ်ဂိုးပေးလိုက်ရပေမဲ့ ပြန်လာနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ အတက်အကျတွေရှိခဲ့တယ်။ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ပွဲပါ။ ဒါက ပွဲနှစ်ပွဲထဲက ပထမပွဲပါ။ မီလန်မှာ ကျွန်တော်တို့ အနိုင်ရမှဖြစ်မယ်။ ဒါဟာ ဖိုင်နယ်မတိုင်ခင် ဖိုင်နယ်ပွဲပါပဲ" လို့ ပြောပါတယ်။

ဖလစ်ခ်က ပြိုင်ဘက်အသင်းရဲ့ အရည်အသွေးနဲ့ ဆီမီးဖိုင်နယ်အဆင့်ရဲ့ အရေးပါမှုကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။  ဖလစ်ခ်က"ကျွန်တော်တို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အကြောင်း ပြောနေတာပါ။ သူတို့က အသင်းကြီးတွေပါ။ အတွေ့အကြုံရှိပါတယ်။ ဒီနေ့မှာ သူတို့ပြသခဲ့ပါတယ်။ သူတို့က set pieces တွေမှာ အားသာချက်ရှိတယ်။ အရပ်ရှည်တဲ့ ကစားသမား လေးငါးယောက်ရှိပြီး အဲဒီအားသာချက်ကို အသုံးချခဲ့ကြပါတယ်"လို့ ပြောပါတယ်။ ပြီးနောက် ယာမယ်လ်ရဲ့ ပြန်လည်ဦးဆောင်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကို အထူးမီးမောင်းထိုးပြခဲ့ပါတယ်။ 

"ယာမယ်လ်က ကျွန်တော်တို့ကို လမ်းပြပေးခဲ့တယ်။ ၁-၂ ဂိုးသွင်းယူမှုက အရမ်းအရေးကြီးခဲ့တယ်။ အသင်းကို ကျေနပ်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်ခဲ့ပြီး ဆက်တိုက်တိုက်ပွဲဝင်ရပါမယ်"လို့ ဆိုပါတယ်။ ပထမပိုင်းမှာ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရတဲ့ နောက်ခံလူ ဂျူးလ်ကွန်ဒီရဲ့ အခြေအနေကိုလည်း ဖလစ်ခ်ကို မေးမြန်းခဲ့ရာမှာ အတိုချုပ်ဖြေကြားခဲ့ပါတယ်။  "သူဘာဖြစ်လဲဆိုတာ မနက်ဖြန်အထိ စောင့်ကြည့်ရပါမယ်" လို့ ဖလစ်ခ်က ပြောကြားခဲ့ပါတယ်။