
ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောကြားလာတဲ့ ကွန်ဒီ
ဘာစီလိုနာညာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီက ယခုနွေရာသီမှာ အသင်းသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ကွန်ဒီက ရက်ရှ်ဖို့ဒ်ဟာ introvert တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ကြယ်ပွင့်ကို စပိန်မြေမှာ အဆင်ပြေစေဖို့ အင်္ဂလိပ်စကားနဲ့အကူအညီပေးနေတယ်လို့ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယခုနွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲပြီး ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ကွန်ဒီက "ရက်ရှ်ဖို့ဒ်က introvert တစ်ယောက်ပါ။ ဒါပေမယ့် သူဒီမှာနေရတာပျော်ပြီး တစ်ရက်နဲ့တစ်ရက်ပိုပြီး သက်တောင့်သက်သာရှိလာတယ်လို့ပြောပါတယ်။ သူက အရမ်းလည်းပြုံးတတ်တဲ့လူမျိုးပါ။ ကွင်းထဲမှာလည်း သူပျော်နေပါပြီ။ သူ့အကြောင်းကိုလည်း ကျွန်တော့်ကိုပြောပြထားပေမယ့် သူက introvert ဆိုတာတော့ ကျွန်တော်သိပါတယ်"
"အသင်းမှာရှိတဲ့လူတိုင်းက သူ့ကို နွေးနွေးထွေးထွေးကြိုဆိုကြပါတယ်။ သူက လူတိုင်းနဲ့စကားပြောပြီးပါပြီ။ ကျွန်တော်က အင်္ဂလိပ်လိုပြောတတ်တော့ သူ့ကိုအတတ်နိုင်ဆုံးကူညီပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူ့ကိုကူညီပေးနေကြတာ လူတိုင်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ အလားအလာရှိနေခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ သူ့ရဲ့အိပ်မက်အသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်သားအနေနဲ့ လာလီဂါမှာအသားကျပါ့မလားဆိုတာတော့ လာမယ့်ရာသီမှာစောင့်ကြည့်သွားရမှာဖြစ်ပြီး လောလောဆယ်အထိတော့ အတော်လေးအဆင်ပြေနေပုံပေါ်ပါတယ်။
လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့မှာ ဘာစီလိုနာဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် မာယော့ကာနဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းရဲ့ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ခွင့်ရထားတဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ အဆိုပါပွဲစဉ်မှာ သူ့ရဲ့လာလီဂါပွဲဦးထွက်ကို စတင်ကစားသွားရနိုင်ချေရှိပါတယ်။