The network connection is lost.

Banner Image

နေရှင်းလိဂ်ဆုဖလားကိုဆွတ်ခူးပြီးနောက် စပိန်ကြယ်ပွင့် ယာမယ်လ်ကို ကာကွယ်ပြောဆိုလာတဲ့ ရော်နယ်ဒို

ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက စပိန်အသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယာမယ်လ်ဟာ ကမ္ဘာ့ထိပ်တန်းဘောလုံးအဆင့်မှာ သူ့ရဲ့ပါရမီကို အပြည့်အဝထုတ်ဖော်ပြသထားသူဖြစ်ပြီး အသက်-၁၇ နှစ်အရွယ်မှာပဲ ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအတွက်သာမက၊ နိုင်ငံ့လက်ရွေးစင်အသင်းဖြစ်တဲ့ စပိန်အတွက်ပါ အလွန်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်ထားနိုင်ပါတယ်။သို့သော်လည်း ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့ဆုံရာမှာတော့ ယာမယ်လ်ဟာ အနိုင်ရလဒ်ကိုမရရှိခဲ့ဘဲ ရှုံးပွဲကြုံတွေ့ကာ ဆုဖလားတစ်လုံးဆုံးရှုံးခဲ့ရပါတယ်။ 

ပေါ်တူဂီနဲ့စပိန်တို့ ယှဉ်ပြိုင်ခဲ့တဲ့ နေရှင်းလိဂ်ဗိုလ်လုပွဲမှာ သာမန်ပွဲကစားချိန်နဲ့ အချိန်ပိုအတွင်း ၂-၂ နဲ့သရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပေါ်တူဂီက ၅-၃ နဲ့အနိုင်ယူကာ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယာမယ်လ်ဟာ ပေါ်တူဂီရဲ့ခံစစ်ကိုထိုးဖောက်ဖို့ရုန်းကန်ခဲ့ရပြီး သာမန်စွမ်းဆောင်ရည်အောက်ကျဆင်းခဲ့တာကြောင့် ဝေဖန်မှုအချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

သို့သော်လည်း ရော်နယ်ဒိုကတော့ လူငယ်ကြယ်ပွင့်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး အနာဂတ်မှာ ဆုဖလားတွေအများအပြားသိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုက "သူက အသင်းနဲ့အတူရော၊ တစ်ဦးချင်းအနေနဲ့ပါ အောင်မြင်မှုတွေအများကြီးရဦးမယ့် ကစားသမားပါ။ အခုမှ အသက် ၁၇ နှစ်ပဲရှိပါသေးတယ်။ သွားမယ့်ခရီးက အရှည်ကြီးကျန်ပါသေးတယ်"

"ယာမယ်လ်က အံ့ဖွယ်ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ပုံစံအတိုင်းဆက်သွားနိုင်ဖို့ လိုပါတယ်။ နေရှင်းလိဂ်ဖလားတွေကိုလည်း အများကြီးဆွတ်ခူးသွားဦးမယ့်ကစားသမားဆိုတာ သေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။  ပေါ်တူဂီနဲ့ပွဲစဉ်မှာ ယာမယ်လ်ဟာ ပွဲကစားချိန် ၁၀၅ မိနစ်အထိ ပါဝင်ကစားခဲ့ပြီး ဘောလုံးပေးပို့မှု ၈၈ ရာခိုင်နှုန်းတိကျခဲ့ကာ ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဟာ စပိန်ရဲ့ခံစစ်ပိုင်းကိုလည်း ကောင်းကောင်းကူညီနိုင်ခဲ့ပြီး ဘောလုံးဖြတ်ထုတ်မှု ၃ ကြိမ်နဲ့ ဘောလုံးလုယူမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ 

စပိန်အသင်းနဲ့အတူ နေရှင်းလိဂ်ဆုဖလားကိုဆုံးရှုံးခဲ့ရပေမယ့် ယာမယ်လ်ဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအတွက် ပိုကောင်းတဲ့ကစားသမားဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ်မှာတော့ ကစားသမားဟာ ရာသီကြိုပွဲစဉ်တွေမစတင်မီအချိန်အထိ နွေရာသီအားလပ်ရက်ကိုကုန်ဆုံးသွားမှာဖြစ်ပါတယ်။