The network connection is lost.

Banner Image

ပြင်သစ်ကို ရှုံးနိမ့်ပြီးနောက် တည်ဆောက်ဆဲဂျာမနီအသင်းပါလို့ ဖွင့်ဟလာတဲ့ နည်းပြနာဂယ်စ်မန်း

ယမန်နေ့ညပိုင်း၊ ပြင်သစ်ကို ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီး ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းက သူ့ရဲ့အသင်းဟာ ကမ္ဘာ့ထိပ်တန်းအသင်းတွေနဲ့ ကွာဟချက်ကျဉ်းမြောင်းအောင် လုပ်ဆောင်နေဆဲအဆင့်မှာသာ ရှိနေပါသေးတယ်လို့ ပြောဆိုလိုက်ပြီး ထူးခြားမှုတစ်ခုခုပေါ်ထွက်လာအောင် လုပ်ဆောင်နေတယ်လို့လည်း ယုံကြည်နေပါတယ်။

အမ်ဘာပေ၊ အိုလီစီတို့ရဲ့သွင်းဂိုးတွေက ပြင်သစ်အတွက် နိုင်ပွဲနဲ့ နေးရှင်လိဂ်တတိယကြေးတံဆိပ်ဆုကို ဖန်တီးပေးခဲ့ပါတယ်။ နာဂယ်စ်မန်းကတော့ ဗုဒ္ဓဟူးနေ့၊ပေါ်တူဂီကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့အသင်းဆီမှ တိုးတက်မှုအချို့ကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် နာဂယ်စ်မန်းက “ ဒီနေ့လိုစွမ်းဆောင်ရည်မျိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့် ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ ဆုတ်ယုတ်မှုတစ်ခုသာ မပြုလုပ်ဘူးဆိုရင် ကျွန်တော်တို့တွေ နောက်ဆုံးအဆင့်ပြိုင်ပွဲဆီ အရောက်ချီတက်ပြီး အကောင်းဆုံးပြင်ဆင်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။အမှန်ပါပဲ၊ ကျွန်တော်တို့က ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုးရဲ့နောက်၊ ကမ္ဘာ့အကောင်းဆုံးအသင်းတွေရဲ့နောက်မှာ အနည်းငယ်ပြတ်ကျန်နေဆဲပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့က တစ်နှစ်၊ နှစ်နှစ်လောက်အတွင်း ကမ္ဘာကြီးကို အံ့အားသင့်သွားအောင် လုပ်နိုင်မှာမဟုတ်သလို နှစ်ပေါင်းများစွာအတွင်း ရာနှုန်းပြည့်မမှန်ကန်ခဲ့တဲ့ အရာရာတိုင်းကိုလည်း ဖြည့်ဆည်းပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ၊ ဒီကစားသမားတွေနဲ့ ဒီဝန်ထမ်းတွေအပါအဝင် အသင်းတစ်ခုလုံးမှာ တစ်ခုခုထူးခြားနေပြီဆိုတာတော့ ကျွန်တော်ခံစားမိပါတယ်။ ဒီနေရာမှာ အထူးထိတွေ့ချက်တစ်ခုရှိပြီး ဖြစ်နိုင်ချေများစွာလည်း စောင့်ဆိုင်းနေပါပြီ”လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နောက်ဆုံးအကြိမ်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ပြိုင်ပွဲနှစ်ကြိမ်ဆက် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတဲ့ ဂျာမနီက မြောက်အမေရိကမှာကျင်းပမယ့်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်၊ အုပ်စု(A)မှာ ပါဝင်နေပါတယ်။ သူတို့တွေက လာမယ့်စက်တင်ဘာလ၊ ဘရာတီဆာလဗာမြို့မှာ ဆလိုဗက်ကီးယားနဲ့ယှဉ်ပြိုင်ကစားရင်း ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်ကို စတင်သွားပါလိမ့်မယ်။