
ယူနိုက်တက်ကိုလက်စားချေဖို့စောင့်ဆိုင်းနေကြောင်း ပြောကြားလာတဲ့ မန်စီးတီးကွင်းလယ်လူသစ် ချာကီ
မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားသစ် ရာယန်ချာကီဟာ ပြီးခဲ့တဲ့ရာသီကလိုင်ယွန်နဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်အသင်းအနေနဲ့ အဆိုပါရှုံးကြွေးကို ပြန်လည်ပေးဆပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုအကျော့ပွဲစဉ်မှာ လိုင်ယွန်ဟာ ယူနိုက်တက်ကို ၄-၂ နဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် အချိန်ပိုမိနစ်တွေမှာ ဂိုးတွေပြန်ပေးခဲ့ရပြီး ၅-၄ နဲ့ပြန်လည်ရှုံးနိမ့်က ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
ချာကီဟာ ယူရိုပါလိဂ်မှာ ယူနိုက်တက်ဘက်ကို ၂ ကျော့စလုံးဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ယခုအခါမှာတော့ ပြင်သစ်လက်ရွေးစင်ဟာ မန်စီးတီးသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၀.၅ သန်းနဲ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ကိုလက်စားချေဖို့ မစောင့်နိုင်တော့ကြောင်းပြောကြားလာခဲ့ပါတယ်။ ချာကီက "ကျွန်တော်က လိုင်ယွန်ကိုအရမ်းချစ်တဲ့ကစားသမားပါ။ ယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တာ လုံးဝ သဘောမကျပါဘူး။ အခုတော့ သူတို့ကိုပြန်အနိုင်ယူဖို့ မန်စီးတီးနဲ့အတူစောင့်နေပါတယ်။ ကျွန်တော်ဒီကိုလာတာ ပွဲစဉ်တိုင်းကိုအနိုင်ယူဖို့ပါ" လို့ပြောကြားခဲ့ပါတယ်။
၂၀၂၅-၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်သွားမှာဖြစ်ပြီး ချာကီတစ်ယောက် ဘယ်အချိန်မှာယူနိုက်တက်နဲ့တွေ့ဆုံသွားမလဲ စောင့်ကြည့်ရပါမယ်။ မကြာသေးမီက ချာကီကို ယူနိုက်တက်က ချိတ်ဆက်မှုတွေပြုလုပ်ခဲ့သေးပေမယ့် မန်စီးတီးက လက်ဦးမှုရယူပြီး ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ချာကီဟာ စီနီယာကစားသမားဘဝကိုလိုင်ယွန်နဲ့စတင်ခဲ့ပြီး အသင်းအတွက်စုစုပေါင်း ၁၈၅ ပွဲကစားခဲ့ရာမှာ ၂၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄၅ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ နံပါတ် ၁၀ နေရာမှာ အကျွမ်းကျင်ဆုံးဖြစ်ပေမယ့် တောင်ပံကစားသမားအဖြစ်လည်းပြောင်းလဲကစားနိုင်သူဖြစ်ပါတယ်။
ဒါကြောင့် ချာကီကို မန်စီးတီးမှထွက်ခွာသွားပြီး နာပိုလီနဲ့ချိတ်ဆက်ခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းရဲ့နေရာကို ဆက်ခံနိုင်မယ်လို့ ပရိတ်တွေက ယုံကြည်ထားကြတာဖြစ်ပါတယ်။ သို့သော်လည်း ချာကီက "ကျွန်တော်ကဒီဘရိုင်းမဟုတ်ပါဘူး။ သူက ဂန္ထဝင်တစ်ယောက်ပါ။ ကျွန်တော်ဒီလိုလာတာ အသင်းကိုကူညီဖို့နဲ့ ကိုယ့်သမိုင်းကိုယ်ရေးဖို့ပါပဲ။ အသင်းနဲ့အတူ အမြဲတမ်းအနိုင်ရဖို့မျှော်လင့်ပါတယ်"
"မန်စီးတီးမှာ ရိုဒရီက ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့လည်း ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီး ဒီအသင်းနဲ့ချိတ်ဆက်ခဲ့တာပါ။ ကျွန်တော် ပက်ဂွါဒီယိုလာနဲ့စကားပြောတော့ သူက ကျွန်တော့်ကိုလိုချင်တယ်လို့ပြောပါတယ်။ ဘောလုံးကိုလွတ်လွတ်လပ်လပ်ကိုင်ကစားဖို့လည်း တွန်းအားပေးပါတယ်။ ဒီအသင်းရဲ့ နည်းနစ်ကအရမ်းကောင်းပြီး စိတ်ဓာတ်ပိုင်းမှာလည်း အမြဲတမ်းအနိုင်ရလိုစိတ်ပဲရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။