The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လူစာရင်းမှ ဂရီးလစ်ရှ်ကိုချန်လှပ်ခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားရမယ့် အသင်းရဲ့လူစာရင်းကိုရွေးချယ်ရာမှာ တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့တယ်လို့သိရပါတယ်။ ကြာသပေးနေ့နံနက်မှာ မန်စီးတီးဟာ ကလပ်ကမ္ဘာ့ဖလားအတွက် အသင်းရဲ့လူစာရင်းကိုကြေညာခဲ့ရာ ဂရီးလစ်ရှ်တစ်ယောက် ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်အနေနဲ့ အီတီဟတ်ကို စွန့်ခွာပြီး အသင်းသစ်ကိုရှာဖွေဖို့ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ နယူးကာဆယ်တို့အပါအဝင် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကလည်း စိတ်ဝင်စားနေတယ်သတင်းတွေထွက်ပေါ်ထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာလည်း ဂရီးလစ်ရှ်ဟာ နည်းပြကြီဂွါဒီယိုလာရဲ့မျက်နှာသာပေးခြင်းခံရခြင်းမရှိဘဲ ပရီးမီးယားလိဂ်မှာ ၇ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အများအားဖြင့် အရန်ခုံမှာသာထိုင်နေခဲ့ရတာဖြစ်ပါတယ်။ ပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရပေမယ့် အင်္ဂလန်သားဟာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးဟာ ကစားသမားသစ်တွေအဖြစ် တီဂျာနီရိန်ဒါစ်၊ ရာယန်ချာကီ၊ မားကပ်စ်ဘက်တီနယ်လီနဲ့ ရာယန်အစ်နူရီတို့ကို ခေါ်ယူထားခဲ့ပြီး အဆိုပါကစားသမား ၄ ဦးစလုံးကိုတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လူစာရင်းမှာ ထည့်သွင်းထားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ ဘောလွန်းဒီအော်ဆုရှင် ရိုဒရီကိုလည်း လူစာရင်းအတွက်ရွေးချယ်ခဲ့ပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးဟာ ဝိုင်ဒက်အေစီ၊ အယ်လ်အင်း၊ ဂျူဗင်တပ်စ်တို့နဲ့ အုပ်စုတစ်ခုတည်းကျရောက်နေပြီး အုပ်စုပထမဆုံးပွဲစဉ်ကိုတော့ ဇွန်လ ၁၉ ရက်နေ့မှာ စတင်ယှဉ်ပြိုင်သွားရပါမယ်။