အယ်တေးဘယင်ဒါကို ဘက်ဆစ်တက်သို့ရောင်းချဖို့ သဘောတူညီမှုရရှိထားတဲ့ ယူနိုက်တက်
ဘက်ဆစ်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက် ဂိုးသမား အယ်လ်တေးဘယင်ဒါကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ပါတယ်။ ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ယူရို ၅ သန်းနဲ့ အခြေခံအားဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်တာနဲ့ တစ်ပြိုင်နက် ပြောင်းရွှေ့မှု စတင်တော့မှာဖြစ်တယ်လို့ Fanatik သတင်းဌာနက ဖော်ပြထားပါတယ်။ အယ်လ်တေးဘယင်ဒါဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ယူနိုက်တက်အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် ၆ ပွဲ ကစားထားပါတယ်။ ယူနိုက်တက်အသင်းဟာ အသက် ၂၇ နှစ်အရွယ် ဒီဂိုးသမားကို ဘက်ဆစ်တက်ရဲ့ ပြိုင်ဘက် ဖီနာဘာချီအသင်းဆီကနေ ယူရို ၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘက်ဆစ်တက်အသင်းမှာတော့ အယ်လ်တေးဘယင်ဒါဟာ လစာငွေ ယူရို ၂ သန်းလောက် ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။