ယူနိုက်တက်နဲ့ လီဗာပူးတို့ကိုကျော်ဖြတ်ပြီး ဂေါ်ဒွန်ကိုခေါ်ယူဖို့ကြိုးပမ်းလာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ အန်တိုနီဂေါ်ဒွန်ကို နယူးကာဆယ်အသင်းကနေ ဒီနွေရာသီမှာ အရခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားလေးကို ခေါ်ယူဖို့ ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ထက် အာဆင်နယ်က ပိုပြီး အခြေအနေကောင်းနေတယ်လို့ The Sun သတင်းစာက ဖော်ပြထားပါတယ်။
ဂေါ်ဒွန်ကို နယူးကာဆယ်ကနေ လန်ဒန်မြေဆီ ခေါ်ဆောင်လာဖို့အတွက် အာဆင်နယ်က ပေါင် ၇၅ သန်းအထိ ပေးချေဖို့ အသင့်ရှိနေတာပါ။ နယူးကာဆယ်ဘက်ကတော့ ဂေါ်ဒွန်ရဲ့ တန်ဖိုးကို ပေါင်သန်း ၁၀၀ လို့ သတ်မှတ်ထားပေမဲ့ ဂေါ်ဒွန်ကိုယ်တိုင်က အသင်းပြောင်းချင်တဲ့ဆန္ဒသာ ပြတ်ပြတ်သားသားရှိမယ်ဆိုရင် နယူးကာဆယ်ဘက်က ဈေးလျှော့ပေးလာလိမ့်မယ်လို့ အာဆင်နယ်ဘက်က ယုံကြည်နေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ ဂေါ်ဒွန်ကို သဘောကျသူတစ်ဦးဖြစ်ပြီး တောင်ပံတင်မကဘဲ လိုအပ်ရင် တိုက်စစ်မှူးနေရာမှာပါ အဆင်ပြေပြေ ကစားနိုင်တဲ့ သူ့ရဲ့ စွယ်စုံရစွမ်းဆောင်ရည်ကိုလည်း အထူးနှစ်သက်နေတာပါ။ အကယ်၍ ဂေါ်ဒွန်ကိုသာ အမှန်တကယ် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ဟာ ဒီနွေရာသီမှာ ဂါဘရီယယ် မာတင်နယ်လီအတွက် လာရောက်ကမ်းလှမ်းမှုတွေကိုလည်း လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။