The network connection is lost.

Banner Image

ပေါ်တူဂီနဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့တဲ့ မိုရာတာကို ဇနီးဖြစ်သူမှ ကာကွယ်ပြောကြားလာ

စပိန်လက်ရွေးစင်တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာဟာ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသလို၊ ယခုအခါမှာတော့ ခြိမ်းခြောက်စာတွေပါအပို့ခံနေရတယ်လို့သိရပါတယ်။ ဒါကြောင့် သူ့ရဲ့ဇနီးဖြစ်သူက ဝေဖန်သူတွေကို တုံ့ပြန်လာခဲ့ပြီး လူတိုင်းအမှားလုပ်တတ်ကြောင်းနဲ့ ကိုယ်ချင်းစာစိတ်ရှိဖို့လိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပေါ်တူဂီနဲ့စပိန်တို့ဟာ သာမန်ပွဲကစားချိန်နဲ့ အချိန်ပိုမိနစ် ၃၀ အတွင်း ၂-၂ နဲ့သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပြီး မိုရာတာရဲ့လွဲချော်မှုနဲ့အတူ စပိန်တို့ နေရှင်းလိဂ်ဆုဖလားကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ မိုရာတာဟာ ယခင်ကလည်း စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေကြုံတွေ့ခဲ့ရဖူးသူဖြစ်ပြီး အက်သလက်တီကိုမှထွက်ခွာခဲ့ရစဉ်က စိတ်ဓာတ်ကျရောဂါနဲ့ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ 

ယခုအခါမှာတော့ ကစားသမားရဲ့ဇနီး အဲလစ်ကမ်ပယ်လိုက "ဒါက သာမန်ဘောလုံးပွဲလေးတစ်ပွဲပါပဲ။ ဘဝမှာ လူတိုင်းအမှားလုပ်ကြပါတယ်။ ဘဝဆိုတာ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ အကောင်းနဲ့အဆိုးတွေ ပြည့်နှက်နေတဲ့အရာပါ။ ဒါပေမယ့် ကျွန်မတို့ အခြားသူတွေကို ဝေဖန်အပြစ်တင်လို့မရပါဘူး"

"ဘောလုံးမှာ ဒီလိုလွဲချော်မှုတွေကရှိနေတာပါပဲ။ ဒါကပဲ ဘောလုံးရဲ့အလှတရားတစ်စိတ်တစ်ပိုင်းဖြစ်နေတာပါ။ စိတ်လှုပ်ရှားဖို့ကောင်းသလို၊ ခန့်မှန်းဖို့ခက်ခဲတဲ့အရာဖြစ်စေတာပါ။ ပြီးတော့ အားကစားဆိုတာ ဖျော်ဖြေမှုတစ်ခုပါပဲ။ ဒါကြောင့် လေးစားမှုလေးထားပြီး ဒီလိုလုပ်ရပ်တွေရပ်တန့်စေချင်ပါတယ်" လို့ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားမျှဝေခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်အပြီးမှာ မိုရာတာကလည်း သူ့အနေနဲ့ ပင်နယ်တီလွဲချော်ခဲ့လို့ ဝမ်းနည်းမိကြောင်းနဲ့ စပိန်လက်ရွေးစင်အသင်းမှအနားယူဖို့ အစီအစဉ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက "ကျွန်တော့်ရဲ့လွဲချော်မှုအတွက် ဒေါသထွက်မိပါတယ်။ ကျွန်တော်ငိုချင်ပေမယ့် ပွဲကြည့်စင်မှာ ကျွန်တော့်ကလေးတွေရှိနေလို့ မငိုခဲ့ပါဘူး။ ပြီးတော့ ဘဝမှာ ဒီလိုအမှားတွေကိုသင်ယူဖို့လိုပါတယ်။ တကယ်လို့စက်တင်ဘာလမှာ ကျွန်တော်စပိန်အသင်းနဲ့အတူမရှိရင် အနားယူဖို့ ဖြစ်နိုင်ချေရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နေရှင်းလိဂ်ဆုဖလားကိုလွဲချော်ခဲ့တဲ့ စပိန်အနေနဲ့ လာမယ့်စက်တင်ဘာလမှကျင်းပသွားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာတော့ ရလဒ်ကောင်းတွေပြန်လည်ဖော်ဆောင်ဖို့ အားခဲထားမှာဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ စပိန်ဟာ ဘူလ်ဂေးရီးယား၊ တူရီကီတို့နဲ့ ကစားသွားရမှာဖြစ်ပြီး မိုရာတာတစ်ယောက် အသင်းရဲ့လူစာရင်းမှာ ဆက်လက်ပါဝင်လာမလားစောင့်ကြည့်ရပါမယ်။