
ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်ချေရှိနေတဲ့ အင်တာစတား
အင်တာမီလန်အသင်းနောက်ခံလူ ပါဗက်တစ်ယောက် ဘာစီလိုနာနဲ့ကန်မယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲကို လွဲချော်နိုင်ချေရှိနေတယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာက တောင်းဆိုမှုအမြင့်မားဆုံးဖြစ်နေပြီး အခုဘာစီလိုနာနဲ့ပွဲကို ခြေကျင်းဝတ်ဒဏ်ရာအခြေအနေကြောင့် ပါဗက်လွဲချော်တော့မှာဖြစ်ပါတယ်။
ပါဗက်ဟာ အင်ဇာဂီလက်အောက်မှာ အရေးပါတဲ့ကစားသမားအဖြစ်ပါဝင်နေပြီး ၃ ယောက်တန်းခံစစ်မှာ ညာဘက်ခြမ်းကိုတာဝန်ယူနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရိုးမားနဲ့ပွဲမှာ ပါဗက်အနေနဲ့ ပွဲထွက်ကစားခဲ့ပေမယ့် ၁၅ မိနစ်လောက်ကစားအပြီးမှာ ခြေကျင်းဝတ်အခြေအနေက နာကျင်လာခဲ့တာဖြစ်ပါတယ်။ လာမယ့်ဘာစီလိုနာနဲ့ပွဲကို ပါဗက်အပြင် တိုက်စစ်ပိုင်းမှာလည်း သူရမ်တစ်ယောက် ကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်ချေမရှိတာဖြစ်ပါတယ်။ အင်တာဘက်မှာတင် ဒဏ်ရာပြဿနာရှိနေတာမဟုတ်ပဲ အခြားတစ်ဖက်မှာ ဘာစီလိုနာဘက်မှာ လီဝန်ဒေါစကီးတစ်ယောက် ချန်ပီယံလိဂ်ပထမအကျော့ပွဲကို လွဲချော်မှာဖြစ်သလို ဘလိတ်လည်း လွဲချော်မှာဖြစ်ပါတယ်။
ပါဗက်အနေနဲ့ ဘယ်အချိန်မှာ ပြန်လာနိုင်မလဲဆိုတာ မသိရသေးပေမယ့် အင်တာဘက်က လာမယ့်ဒုတိယအကျော့မှာ ပါဗက်ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပါဗက်မပါဝင်နိုင်တာကြောင့် ဘာစီလိုနာနဲ့ပွဲမှာ သူ့နေရာကို ဘစ်ဆက်က အစားဝင်ဖွယ်ရှိနေပါတယ်။