
နေရှင်းလိဂ်ဆုဖလားကို ဆုံးရှုံးပြီးနောက် ကမ္ဘာ့ဖလားကိုသာအာရုံစိုက်ထားကြောင်း ဖွန်တေ အခိုင်အမာပြော
တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက အသင်းဟာ ကမ္ဘာ့ဖလားကိုသာ အဓိကအာရုံစိုက်ထားကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဖွန်တေက "ကျွန်တော်တို့ ကမ္ဘာ့ဖလားကိုသာအဓိက အာရုံစိုက်ထားပါတယ်။ ကမ္ဘာ့ဖလားက ကျွန်တော်တို့ရဲ့ပန်းတိုင်ပါ။ လက်ရှိအသင်းရဲ့အခြေအနေအရ ကျွန်တော်တို့ဟာ ရှည်လျားကောင်းမွန်တဲ့အနာဂတ်တစ်ခုကို ပုံဖော်သွားနိုင်ဖို့သေချာပါတယ်" "ကျွန်တော်တို့အသင်းက အမြဲတမ်း အနိုင်ရဖို့အတွက် အခွင့်အရေးရှိနေတတ်တဲ့အသင်းပါ။ ပြီးတော့ ကစားသမားတွေကလည်း အသင်းအပေါ်မှာ ပေးဆပ်လိုစိတ်အပြည့်ရှိပါတယ်။ ဒါကြောင့် အမြဲတမ်း အနိုင်ရဖို့ နီးစပ်နေတာပါ" လို့ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီနဲ့ပွဲစဉ်မှာ စပိန်ဟာ ပွဲကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး အချိန်ပိုနဲ့ ပင်နယ်တီအဆုံးအဖြတ်တွေအထိ သွားခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီမှာတော့ ဝါရင့်တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာရဲ့ လွဲချော်မှုနဲ့အတူ စပိန်တို့ ၅-၃ ဆိုတဲ့ရလဒ်နဲ့ ဆုဖလားကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
စပိန်အသင်းဟာ ၂၀၂၃ ခုနှစ် နေရှင်းလိဂ်ဆုဖလားနဲ့ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဆုဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကို ကာလရှည်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပေါ်တူဂီကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ၂၀၂၃ ခုနှစ် မတ်လ နောက်ပိုင်း ပထမဆုံးကြိမ် ရှုံးပွဲပြန်လည်ကြုံတွေ့ခဲ့တာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး ဖွန်တေက "ပေါ်တူဂီက အရမ်းကောင်းတဲ့အသင်းပါ။ သူတို့မှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဘက်က မိုရာတာပင်နယ်တီလွဲခဲ့တဲ့အတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒါကဘောလုံးမှာ ဖြစ်ပျက်နေကျပါ" လို့ပြောကြားခဲ့ပါတယ်။